အတွေးကို ထိန်းကျောင်းပေးပါ။
ဘ၀တွင် အောင်မြင်ပျော်ရွှင်စွာ နေထိုင်နိုင်ရေးရှုထောင့်မှကြည့်လျှင် လောက၌ လူသည်နှစ်မျိုး နှစ်စားသာရှိပါသည်။
"ပထမအမျိုးအစားသည်ကား ကံပါရမီအကျိုးပေးကြောင့် အထူးတလည် သင်ယူလေ့ကျင့်ရခြင်း မရှိဘဲနှင့် ဘ၀တွင် အောင်မြင်ပျော်ရွှင်စွာ နေသွားနိုင်၏။ ဒုတိယအမျိုးအစားသည်ကား ကိုယ့်စွမ်းရည် ကိုယ်မယုံ၊ အရာရာတွင် တွန့် ဆုတ်တွန့်ဆုတ်နှင့် အခြေအနေသည် ဆိုးရွားနေရာမှ ပို၍ဆိုးရွားသွားမလားဟူ၍ အခြေအမြစ်မရှိ၊ တထိတ်ထိတ် တွေးကြောက်နေတတ်၏။"
ဤသူမျိုးကား ဘ၀တွင်မအောင်မြင်မှုနှင့်သာ ရင်ဆိုင်နေရပြီး ဘ၀မှာ နေပျော်စရာကောင်းသည်ဟု မထင်ပဲ ဘ၀ဟူသည် ရုန်းကန်နေရခြင်း မျှသာပါတကားဟူ၍ မှတ်ယူနေတတ်ကြ၏။
သင်သည် အကယ်၍ ပထမအမျိုးအစားတွင် ပါဝင်နေသည် ဆိုးငြားအံ့။ ဤဆောင်းပါးကို ဖတ်စရာမလိုပါ။ လက်ရှိ စိတ်နေသဘောထားနှင့် ဘ၀အမြင်ကိုဆက်လက်ထိန်းထားပြီး လုပ်နေကျအတိုင်း လုပ်ဆောင်သွားရန်သာ ရှိပါသည်။
အကယ်၍တည်း........... သင်သည် ဒုတိယအမျိုးအစားတွင် ပါဝင်နေသည်။ သို့တည်းမဟုတ် ဘ၀တွင် အောင်မြင်သင့်သလောက် မအောင်မြင်နိုင်ဘဲ ရှိနေသည်ဆိုပါလျှင် ဤဆောင်းပါးတွင် ဖော်ပြထားချက်များကို သဘောပေါက်အောင် ဖတ်ရှုရန် လိုပါသည်။
ဤဆောင်းပါးတွင် ဖော်ပြထားချက်များကို သဘောပေါက်ပြီ ဆိုသည်နှင့် တစ်ပြိုင်နက် သင်သည် ကျင့်စဉ်လမ်းပေါ်သို့ ရောက်ပြီ ဖြစ်၏။ သင့်စိတ်တွင် အလိုလိုပင်လက်ခံ၍ သင်သည် ဆက်လက် ကျင့်ကြံသွားပါလိမ့်မည်။
"ထိုအခါတွင် သင်သည် မအောင်သေးလျှင် အောင်မြင်လာပါလိမ့်မည်။ မပျှော်ရွှင်သေးလျှင် ပျှော်ရွှင်လာမည်။ အတန်အသင့် အောင်မြင်ပျှော်ရွှင်ပြီးသားဆိုလျှင်လည်း အမှတ်ပြည့် အောင်မြင်ပျှော်ရွှင်လာလိမ့်မည်သာ ဖြစ်ပေသည်။"
လူသည် သူရောက်နေသည့် အခြေနေတွင်သာ နေရပြီး တိုးတက်၍ မရဟူသည်မှာ မဟုတ်ပါကြောင်း ဆိုသည်ကို စိတ္တဗေဒပညာရှင်များက တွေ့ ရှိထားကြ၏။ ဤအချက်သည် လူသားအတွက် အလွန်တရာမှ အရေးကြီးလှပါသော တွေ့ ရှိချက်ပင် ဖြစ်တော့ သည်။
"ကြိုးစား၍ ရပါသည်။ အောက်ခြေတွင်ရပ်၍ ကျေနပ်နေစရာ မလိုပါ။ မည်သို့ ကြိုးစား ရပါမည်နည်း။"
အကောင်းပိုင်းကိုသာ တွေးတောခြင်းသည် သော့ချက်ဖြစ်ပါ၏။ အသိရှိရှိနှင့် မိမိကိုယ်မိမိ သတိပြုမိတိုင်း ကောင်းတာတွေချည်း တွေးတောပါ။ ဖြစ်ပေါ်လာ၍ မိမိကြုံတွေ့ ရမည် ဖြစ်သော ကောင်းတာတွေကိုချည်း တွေးတော့မျှော်လင့်သည့် အကျင့်ကိုပြုစုပျိုးထောင်ပေးပါ။
ကြာမြင့်သောအခါ အကောင်းကိုသာ တွေးတောမျှော်လင့်တတ်ခြင်းသည် မိမိ၏ ၀သီစရိုက် ဖြစ်လာရပါသည်။
ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ လုပ်ရည်ကိုင်ရည် ရှိရေး၊ လူရည် လူသွေး တောက်ပြောင်ရေး ဟူသည်တို့ တွင် ကောင်းတာတွေချည်း တွေးတောပါ။ ကောင်းတာတွေနှင့်ချည်း မိမိကြုံတွေ့ရမည်ကို မျှော်လင့်ပါ။
ဤအကျင့်သည် ၀သီစရိုက်ဖြစ်လာသော အခါတွင် အံ့သြဖွယ်ကောင်းလောက်အောင်ပင် ပြောင်းလဲမှုကြီးများသည် သင့်တွင် ဖြစ်ပေါ်လာပါလိမ့်မည်။ မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းများကြောင့်ပဲဖြစ်ဖြစ် အောင်မြင်နိုင်စွမ်းမရှိသော သင်သည် မကြာမြင့်မီပင် အောင်မြင်နိုင်စွမ်း အပြည့်အ၀ရှိသော သူတစ်ယောက်အဖြစ် ထူးခြားစွာ ပြောင်းလဲ လာပါလိမ့်မည်။
သင်၏ အတွေးများသည် သင့်ကိုလွှမ်းမိုး၍ ပြုပြင်ဖန်တီးတတ်ပါ၏။
"ငါတော့ အောင်မြင်မှာ မဟုတ်ပါဘူး။" ဟုသာ သင်သည် တွေးတော နေပါလျှင် သင်သည် မအောင်မမြင်ဘဲသာ ရှိမည်။
"ငါတော့ ကျန်းမာရေးမကောင်းပါဘူး။" ဟု တွေးတော နေပါလျှင် ထိုသို့ တွေးတောနေမှုသည် ၀သီစရိုက်ဖြစ်လာသော သင်သည် တကယ်ပင် ကျန်းမာရေးမကောင်းသော သူတစ်ယောက် ဖြစ်လာရပါမည်။
ကျွန်ုပ်တို့ ၏ ကာယကံမှု၊ ၀စီကံမှုများအပေါ်တွင် ကျွန်ုပ်တို့ ၏အတွေးများက သြဇာသက်ရောက်ပုံမှာ ကျွန်ုပ်တို့  ထင်မှတ်ထားသည်ထက် များစွာ ပို၍နက်ရှိုင်းလှပါပေ၏။
ထို့ ကြောင့် သင်၏ အတွေးများကိုသာ ပြောင်းလဲပစ်လိုက်စမ်းပါ။ သင်သည် ပြောင်းလဲလာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါလိမ့်မည်။ အပြောင်းအလဲသည် ဖြစ်ပေါ်မှု နှေးကွေးကောင်း နှေးကွေးပါမည်။
သို့သော် မုချတော့ ဖြစ်ပေါ်လာရ၏။ ဤသည်မှာ မျက်လှည့်ပြခြင်း မဟုတ်ပါ။ စိတ္တဗေဒပညာရပ်ဆိုင်ရာ ခိုင်လုံသော အချက် အလက်တစ်ရပ်သာ ဖြစ်ပါသည်။
ယခုအခါတွင် စိတ်သဘာဝကို လိုက်စားသူတိုင်း သိရှိထားသလိုပင် ကျွန်ုပ်တို့ တွင် စိတ်နှစ်ခုရှိ၏။ ကျွန်ုပ်တို့ က သိရှိနေသော "စိတ်" နှင့် ကျွန်ုပ်တို့ က ရေးတေးတေးသာလျှင် သိရ၍ ထိန်းကွပ်မှု ထိထိရောက်ရောက် မလုပ်နိုင်သော်လည်း ကျွန်ုပ်တို့ အတွေးစိတ်ကူးများ၊ စိတ်ခံစားမှုများကို သိုလှောင်ထားရာ ဖြစ်သည့် "မနော" ဟူ၍ စိတ်နှစ်ခု ရှိပေ၏။
တကယ်တော့ နှစ်ခုဆိုသည်ထက် နှစ်လွှာဆိုသည်က ပို၍မှန်ကန်ဖွယ်ရှိပါသည်။ စိတ်သည် အပေါ်ယံလွှာဖြစ်၍ မနောသည် အောက်ဘက်အတွင်းလွှာ ဖြစ်ပါသည်။
"ဤနှစ်လွှာတွင် အောက်ဘက်အတွင်းလွှာဖြစ်သော မနောက ပို၍ထက်မြက်စွာ လှုပ်ရှားနိုင်စွမ်းရှိသည်။ ထို့ ကြောင့် ကျွန်ုပ်တို့ ကိုယ် ကျွန်ုပ်တို့  ပြုပြင်လိုပါလျှင် မနောကို ပြုပြင်ပေးရမည်သာ ဖြစ်၏။"
မကြာခဏပင် ကျွန်ုပ်တို့ ကာယကံမှုများ၏ အရင်းအမြစ်ဖြစ်တတ်ပါလေသော ထိုမနောကို အဘယ်သို့  သြဇာလွှမ်းမိုးကြပါမည်နည်း။ အထပ်ထပ် တင်ပြခြင်းအားဖြင့် စိတ်ကသိ၍ စိတ်က လက်ခံထားသော စိတ်ကူးဥာဏ်ကူး၊ စိတ်ကူးစိတ်သန်း၊ စေ့ဆော်ချက်စိတ်ကူး ဟူသည်တို့ သည် အတွေးနှင့် စိတ်ခံစားမှုတို့ ၏ အတွင်းလွှာပိုင်းဖြစ်သော မနောတွင်းသို့ ဝင်ရောက် သွားနိုင်လေသည်။
ဤသို့ ဖြင့် အတွေးအစားထိုး ပြုပြင်ခြင်းကို ပြုလုပ်၍ ရတော့သည်။ ယခင်က ကျွန်ုပ်တို့ သည် စိတ်သဘာဝကို မသိသဖြင့် တွေးချင်ရာတွေး၊ စိတ်ကူးချင်ရာ ကူးခဲ့ကြရာ မကောင်းသော (၀ါ) အကျိုးပျက်စေသော စိတ်ကူးအတွေးများသည် မနောတွင်းသို့  ရောက်ရှိကိန်းအောင်းနေ၏။
"ဤတွင် ထိုဟာများကို အခြေခံသော ကာယကံမှု၊ ၀စီကံမှုတွေ ဖြစ်ပေါ်လာရပေရာ ကျွန်ုပ်တို့ သည် ဘ၀တွင် အောင်မြင်ပျော်ရွှင်ရေးကို လက်လွှတ်ဆုံးရှုံးကြရတော့သည်။"
ထိုသို့  မကောင်းကျိုးပေးသော အတွေးများ၊ စိတ်ကူးများအစား မျှော်လင့်ချက်ပေးသော ရွှင်လန်းတက်ကြွမှုကို ဖြစ်စေသော၊အေးချမ်းတည်ငြိမ်သည့် ခံစားမှုကိုပေးစွမ်းသော အတွေးစိတ်ကူးများကို နေရာယူစေနိုင်ပါ၏။ ဤဟာသည် သင့်အတွက် ကြီးမား၍ တန်ဖိုးမဖြတ်နိုင်သော ဆုထူးဆုမြတ်ကြီးကို ပေးနှင်းပါလိမ့်မည်။
ကျန်းမာရေးတွင်လည်း ဤအတိုင်းဖြစ်သည်။ အနာရောဂါပျောက်ကင်းမည့် မျှော်လင့်ချက်ကို သိစိတ်သို့  အထပ်ထပ်တင်ပြသော သဘောဖြင့် တွေးတော့ ပေးနေပါလျှင် သင့်ကိုကုသပေးနေသော ဆရာဝန်သည် ဆေးလိုက်လာပါလိမ့်မည်။ သင်သောက်နေကျဆေးသည် သင်၏ရောဂါကို ကုသပစ်ရန် ပိုမို၍ အာနိသင် ထက်မြက်လာပါလိမ့်မည်။
စေ့ဆော်ချက်တန်ဖိုးကို ရှေးဦးစွာသိသူဖြစ်သော အယ်မီလီကူအေက ယေဘုယျအားဖြင့် စေ့ဆော်ချင်လျှင်..................................
"ငါသည် နေ့စဉ်ပင် ဘက်စုံ နေ၍ ပိုမိုကောင်းမွန်လာနေပြီကော။" ဟူသော စေ့ဆော်ချက် ၀ါကျကလေးကို အသိရှိရှိပင် ရွတ်နေစေပါ၏။
ဤစေ့ဆော်ချက်သည် ခြေကျိုးသူကို ချက်ချင်းခြေအကောင်းဖြစ်၍ မလာစေနိုင်ပါ။ သို့ သော် ခြေကျိုးခြင်းကို ကုသသော ဆရာဝန်အား လည်းကောင်း၊ အသုံးပြုသောဆေးများအား လည်းကောင်း ပိုမို၍ ထိရောက်ထက်မြက်စေရန် အထောက်အကူမုချ ဖြစ်လာရပါသည်။
"ဘ၀၏ လှုပ်ရှားနိုင်ဆုံးသော စွမ်းအားတည်ရာဖြစ်သည့် မနောသို့ စိမ့်ဝင်သွားသည်အထိ စေ့ဆော်ချက်ကို ရွတ်ရွတ်ပေးပါ။ တစ်ခါရွတ်လျှင် အကြိမ် ၂၀ တော့ အနည်းဆုံးရွတ်ပေးပါ။"
မပျက်မကွက် ရွတ်ပေးရမယ့်အချိန်မှာ ညအိပ်ခါနီးနှင့် အိပ်ရာမှ နိုးခါစဖြစ်ပါသည်။ နိုးကြားနေခိုက်တွင်လည်း မကြာခဏပင် ဂါထာမန္တန်ရွတ်သလို ရွတ်ဆိုပေးပါ။ ထူးခြားမှုကို သင်ကိုတိုင်ခံစားရပါလိမ့်မယ်။
ကြောက်ရွံ့ခြင်းနှင့် လက်မြှောက်အရှုံးပေးခြင်းတို့ သည် ရောဂါပျောက်ကင်းရေး အတွက် ကြီးစွာသော အဟန့် အတားဖြစ်သည် ဆိုခြင်းကို ဆရာဝန်တိုင်းသိကြသည်။ မျှော်လင့်ချက်ရှိနေခြင်း၊ တည်ငြိမ်ခြင်း၊ ယုံကြည်မှုရှိခြင်း တို့ ဖြင့် ပြည့်နေသောစိတ်သည် ဆေးဝါးကောင်းတစ်လက်ပင် ဖြစ်နေချေသေး၏။
သင့်ခန္ဒာကိုယ်ထဲမှ ဆဲလ်များသည် အသိတရားရှိ၍ သင့်ကို ကူညီရန်လည်းကောင်း၊ သင်နေကောင်းအောင် လည်းကောင်း လုပ်ဆောင်ဖို့ ရန် သင့်စိတ်၏ ညွှန်ကြားမှုနှင့် စေ့ဆော်မှုတို့ ကို စောင့်ဆိုင်းနေကြပါသည်။
ကျွန်ုပ်တို့ ၏ စိတ်နှင့် စီတ်ကူးများတွင် အောင်မြင်ပြီးမြောက်နေမှုရုပ်ပုံ၊ အတွေးနိမိတ်ပုံများဖြင့် ပြည့်နှက်နေအောင် လုပ်ပေးလိုက်လျှင် ကျွန်ုပ်တို့သည် ပို၍ ပို၍အောင်မြင်လာရမည်သာ ဖြစ်သည်။ စိတ်ကူးအာရုံထဲတွင် ဖိတ်မိသွားသော ပုံပန်းအတိုင်း ကျွန်ုပ်တို့ ဖြစ်လာရ၏။
ဤသို့  တွေးတော့ခြင်းမျိုးကို အပြုသဘော တွေးတောခြင်း၊ ကောင်းတာတွေကိုတွေးတောခြင်းဟူ၍ ခေါ်ဝေါ်ပါ၏။ ဤတွေးတော့ခြင်းမျိုးက သင့်အား လူသစ်၊ ပုဂ္ဂိုလ်သစ် ဖြစ်ပေါ်စေပါသည်။
လူသားများတွင် ဘယ်လောက်ညံ့ဖျင်းသူ၊ အသုံးမကျသူဖြစ်ပါစေ သူ့ တွင် ထုတ်ယူသုံးစွဲခြင်း မပြုရသေးသည့် စွမ်းရည်ထူးများသည် ရှိသည်သာဖြစ်၏။ စိတ်သာ မဖောက်ပြန်ဘူးဟု ဆိုလျှင် စွမ်းရည်သည် ရှိနေသည်သာဖြစ်၏။ ထိုစွမ်းရည်များကိုသာ ဖော်ထုတ်သုံးစွဲနိုင်လျှင် ကျွန်ုပ်တို့ ၏ အကျင့်စာရိတ္တကိုပင် ပြောင်းလဲနိုင်သည်ဖြစ်၏။ မည်သို့ ဖော်ထုတ်ပါမည်နည်း။ ကောင်းမွန်မှု အသစ်တစ်ခုခုကို ချစ်ခင်နှစ်သက်ခြင်းအားဖြင့် ဖော်ထုတ်၍ ရပါသည်။
ကောင်းမွန်သော စာရိတ္တကို နှစ်သက်လိုလားခြင်းဖြင့် မကောင်းသော စာရိတ္တဟောင်းသည် မှေးမှိန်ကွယ်ပျောက်လာရ၏။ အကယ်၍ သင်သည် တန်ဖိုးမရှိသော အတွေးစိတ်ကူးများ၊ယုတ်ညံ့သောဆန္ဒများကို ပယ်ဖျက်လိုသည်ဆိုပါလျှင် အောက်ပါ အချက်အလက်ကို လမ်းညွှန်သဖွယ် ပြုရပါမည်။
"ရိုသေလေးစားထိုက်သည် မှန်သမျှ၊ သန့် ရှင်းသည် မှန်သမျှ၊ လိုလားနှစ်သက်ဖွယ်မှန်သမျှ၊ ချီးကျူးအံ့ဖွယ်မှန်သမျှ ထိုအရာများအကြောင်းကို သာလျှင် အာရုံပြု တွေးတောနေရပါမည်။"
ယခင်ကပင် ရှိနှင့်သော သင်၏ အဖိုးမတန်သော၊ ရှက်ဖွယ်သော၊ မနှစ်သက်ဖွယ်သော အတွေးများကို တိုက်ခိုက်ချေမှုန်းရာတွင် သင်၏ စိတ်ဇောအား သက်သက်မျှတော့ မရပါ။ ကောင်းမွန်သော၊ စစ်မှန်သန့် ရှင်သော၊ လေးစားထိုက်သော၊ မေတ္တာထားဖွယ်ဖြစ်သော အာရုံနိမိတ်ပုံများကို ထာဝစဉ် တွေးတောစိတ်ကူးနေခြင်းဖြင့် သင်သည် မကြာမြင့်မီပင် သင်ဖြစ်လိုသည့်သူ ဖြစ်လာရပါမည်။
သူတော်ကောင်းဖြစ်လိုလျှင် သူတော်ကောင်းများ အကြောင်းနှင့် သူတော်ကောင်းတရားများ အကြောင်းကိုသာ တွေးနေပါ။ ပညာတတ်လိုလျှင် ပညာတတ်သူများအကြောင်းနှင့် ပညာတတ်ကြောင် တရားများအကြောင်းကိုသာ တွေးတောနေပါ။ အောင်မြင်လိုလျှင် အောင်မြင်သူများအကြောင်းနှင့် အောင်မြင်ကြောင်း တရားများအကြောင်းကိုသာ တွေးတောနေပါ။
"ပြောင်းလဲမှုသည် ညတွင်းချင်းတော့ ဖြစ်မလာနိုင်ပါ။ အချိန်ပေးရပါမည်။ သို့ သော် တွေးတောမှုကို စလိုက်ပြီဆိုလျှင် ပြောင်းလဲမှုကို အုတ်မြစ်ချမိပြီ ဖြစ်ပါ၏။ အချိန်တန်သောအခါတွင် လိုချင်တောင့်တခဲ့သော ဗိမာန်ကြီးသည် ငွားငွားစွင့်စွင့်နှင့် တင့်တယ်ထွန်းတောက် ပေါ်ပေါက်လာမည်သာ ဖြစ်၏။"
ဘ၀တွင် အောင်မြင်ပျော်ရွှင်မှု မှန်သမျှသည် ကောင်းမြတ်သော၊ မျှောင်လင့်ချက်ပြည့်ဝသော၊ တရားနည်းလမ်းကျသော အတွေးစိတ်ကးမှ စတင်ရသည် ချည်းသာဖြစ်ပါပေသည်။
........................................................####################...............................................................
(၀န်ခံချက်)။ ။ဟိုး... ကြာမြင့်လှပြီဖြစ်သော စာအုပ်မဂ္ဂဇင်းဟောင်းတစ်ခုကို အမှတ်မထင် ဖတ်ခဲ့ရခြင်းမှ "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုသော စကားပုံလေးတစ်ခုကဲ့သို့  အမှတ်မထင် အဖြစ်ကလေးများကို သတိပြုမိ စိတ်ကိုထားတတ်စေရန် မိမိသော်လည်းကောင်း၊ သူတစ်ပါးသူ သော်လည်းကောင်း အကျိုးရှိ အသုံးပြုတတ်စေရန် စာဖတ်သူတွေ သတိပြုမိသွားတယ်ဆိုရင်ပဲ ကျေနပ်ဝေဖြာ ပျှော်ရွှင်မိပါတယ်။ ဘယ်သူရေးတယ် ဆိုတာကိုတော့ ချပိုးကောင်လေးတွေရဲ့ ကျေးဇူးတော်ကြောင့် ကျွန်မလဲ မသိခဲ့ရပါဘူး။ အမှတ်မထင် တွေ့ မိတာလေးကို ပြန်လည်ရေးသား ၊ သတိထားမိစေရန် ရည်ရွှယ်၍ ပြန်လည်ရေးသားမိပါသည်။
"မိမိ၏ စိတ်တံခါးသော့ကို မိမိကိုယ်တိုင် ရှာယူပါ။"
ဆောင်းတော်ဝင်