
ဘ၀သက်တာဟောကိန်းများ
(နှစ်စဉ်ကဆုန်လအတွင်း မွေးဖွားသူများသည် ပြိဿရာသီဖွားများဖြစ်သည်။ ထို့အပြင် နှစ်စဉ် ဧပြီ (၂၁)ရက်မှ မေ (၂၁)ရက်အတွင်းမွေးဖွားသူများ သည်လည်း ပြိဿရာသီဖွားများပင်ဖြစ်ပေသည်။ ထိုရက်အပိုင်းအခြားကို အတိအကျသိသူများသည်လည်းကောင်း၊ ၄င်းအပိုင်းအခြားကို အတိအကျမသိဘဲ ကဆုန်လတွင် မွေးဖွား သူများလည်းပြိဿရာသီဖွားများဟုပင် မှတ်ယူပြီး ဘ၀တစ်သက်တာတစ်လျှောက်တွင် အောက်ပါဖြစ်စဉ်များ ဖြစ်ပွားနိုင်သည်ဟု ယေဘုယျ ခြုံငုံ၍လေ့လာမှတ်သားကာ ဆောင်ခြင်း၊ ရှောင်ခြင်းတို့ပြုသင့်ပေသည်။)
ပြိဿရာသီဖွားများ၏ ပင်ကိုယ်စရိုက် သဘာဝနှင့် အကျင့်လက္ခဏာများ
ပြိဿရာသီဖွားများသည် တည်ကြည် အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်၏။ အလွန်သစ္စာရှိ၏။ ထို့ပြင် အလွန်သံယောဇဉ်ကြီးမားတတ်ကြ၏။ အနုပညာပါရမီဓါတ်ခံကြီး၏။ အလွန် ညှို့ဓာတ်အားကောင်း၏။ တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်၏။ ဘေးလူတွေကချစ်ခင်၏။ စန်းပွင့်၏။ အလှအပ၊ အသန့်အပြန့်ကြိုက်၏။ စိတ်ကူးယဉ်တတ်၏။
အထူးသဖြင့် ပြိဿရာသီဖွားများသည် ဘ၀တွင် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓါတ်ခံရှိ၏။ လူပေါင်းဆန့်၏။ အကောင်းကြိုက်၏။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏။ ငွေအသုံးကြမ်း၏။ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်၏။ နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက် အောင် ကမူးရှူးထိုးလုပ်တတ်၏။ ရဲရင့်တည်ကြည်၍ ထက်မြက် ၏။ နံနက်စော အရုဏ်ဦးအချိန်တွင် အသိဥာဏ်အထူးပွင့်တတ်၏။ ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ် ၏။
ပြိဿရာသီဖွားများသည် ခံစားချက်ပြင်းထန်၏။ ဘာမဆို အလေးအနက်ခံစားတတ်၏။ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီး က နောက်မတွန့်တမ်းလုပ်တတ်၏။စည်းကမ်းတကျ စနစ်တကျလုပ်တတ်၏။ အချိန်နာရီ၊ ကတိသစ္စာကို အလွန် တန်ဖိုးထား၏။ ဖြောင့်မတ်၏။ ကတိပျက်က စိတ်ဆိုးတတ်၏။ စိတ်ဆိုးခဲသလောက် စိတ် ဆိုး လာက အသားတွေ တဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။ အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝ ခွင့်မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။
စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်၏။ စကားလုံး များဖြင့် နာကျင်ခံခက်ဖြစ် အောင် ပြောဆိုနိုင်စွမ်း၏။ တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကတ်တိကတ်ဖဲ့နိုင်၏။ သို့သော် ပြိဿရာသီ ဖွားတို့သည် အပေါ်ယံအားဖြင့် မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်နူးညံ့၏။ ကိုယ့်အပေါ် သိမ်သိမ်မွေ့မွေ့ ဆက်ဆံလာက အရာရာကို ခွင့်လွှတ်နိုင်တတ်၏။ အများအတွက် အနစ်နာခံတတ်၏။ အများကောင်းကျိုး ဆောင်ရွက်လို၏။ လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်၏။ အရာရာအပေါ် ရိုးရိုးရှင်းရှင်း နှင့် နေထိုင်လုပ်ကိုင်တတ်၏။ ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ၀င်မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်။ သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ၏။ သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်၏။ အနစ်နာခံနေတတ်၏။
သို့သော် ပြိဿရာသီဖွားများသည် တစ်ခါတစ်ရံ ဆင်ခြင်ဥာဏ်ကင်းစွာ မာန်မာနနှင့် ပြုမူမိတတ်၏။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး တဇွတ်ထိုးလုပ်မိတတ်၏။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်ရူးရဲလုပ်မိတတ်၏။ မည်သို့ပင်ဖြစ်စေ ပြိဿရာသီဖွားတို့သည် ၀ီရိယကြီးခြင်း၊ တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်ခြင်း၊ လူချစ်လူခင်များခြင်း၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့်ခန့်ခန့် နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ ဖြစ်တတ်ပေ၏။
ပြိဿရာသီဖွားများ၏ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများ
ပြိဿရာသီဖွားတို့သည် ဘ၀ကို သူတစ်ပါးတို့ထက် ပို၍တန်ဖိုးထားသူများဖြစ်၏။ ဇွဲကောင်းကောင်းနှင့် ကြိုးစားတတ်ကြ၏။ အပင်ပန်းခံ၍ကြိုးစားကြ၏။ ထို့ကြောင့် သူတစ်ပါးတို့က ယုံကြည်ကိုးစားရသော ဘ၀ကို ပိုင်ဆိုင်တတ်ကြ၏။ စီးပွားလာဘ်မြင်၏။ ငွေရှာကောင်း၏။ ငွေသုံးကြမ်း၏။ မိတ်ကောင်းပေါ၏။ လုပ်ငန်းမရွေး လုပ်ဆောင်တတ်၏။ ဘ၀တွင်သူတစ်ပါးက နှိမ်၍ဆက်ဆံခံရခြင်းကို မခံချင်စိတ်ဖြင့် ကြိုးစားတတ်၏။ ဘ၀တွင်ထူးခြားစွာ ပြည့်စုံကြွယ်ဝတတ်ကြ၏။
ကတိသစ္စာတည်ကြည်ခြင်းကြောင့် စီးပွားဖက်တို့၏ ယုံကြည်ခြင်းကို ခံရတတ်၏။ ဘ၀တွင် ဒုတိယအရွယ်နှင့် တတိယအရွယ်တွင် စီးပွားပြည့်စုံတတ်၏။ အကြံဥာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို လက်တွေ့ အ ကောင် အထည်ဖေါ် မိ၍ကြီးပွားချမ်းသာတတ်၏။ စီးပွားတက်ချိန်တွင် အပျော်အပါးဖက်မိတတ်၏။
ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုသာလုပ်ပါ။ သူတစ်ပါးလက်အောက်ခံမလုပ်သင့်ပါ။ ကိုယ့်စိတ်ကူးနှင့်သာ ရဲရဲလုပ် ပါ။ မည်သည့်အလုပ်မဆို စွဲစွဲမြဲမြဲလုပ်ပါ။အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်းကိုရှောင်ပါ။ ဤအချက်များသည် ပြိဿ ရာ သီဖွားတို့ အထူးလိုက်နာသင့်သော အချက်များဖြစ်၏။ အထူးသဖြင့် စီးပွားရေးတွင် အားနာခြင်း၊ အာမခံခြင်း၊ ဆွေမျိုးများနှင့် ဆက်စပ်လုပ်ကိုင်ခြင်းတို့ကို အထူးရှောင်ပါ။
ပြိဿရာသီဖွားတို့သည် စာပေလုပ်ငန်းဖြင့် အထူးကောင်းကျိုးပေး၏။ အနုပညာလုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ် ဗေဒင်ပညာရှင်၊ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်၍ ကြီးပွားနိုင်၏။ ထို့အပြင် စစ်ဘက်၊ သူနာပြု၊ ပန်းအလှစိုက်ပျိုးရောင်းချခြင်းတို့ဖြင့် အကျိုးအထူးပေး၏။
အထူးသဖြင့် ပြိဿ ရာသီဖွားတို့သည် အနုပညာလုပ်ငန်း၊ အလှအပဆိုင်ရာလုပ်ငန်းတို့ဖြင့် အထူးအောင်မြင်တတ်ပေသည်။
ပြိဿရာသီဖွားများ၏ အချစ်ရေး အိမ်ထောင်ရေးနှင့် ဘ၀တည်ဆောက်မှုအနေအထားများ
ပြိဿရာသီဖွားတို့သည် နှလုံးသားခံစားမှု ပြင်းထန်၏။ ကဗျာဆန်၏။
အထူးသဖြင့် အလွမ်းတေးသီချင်း၊ ကဗျာ စာပေတို့ကို နှစ်သက်၏။ သံယောဇဉ်ကြီး၏။အထူးသဖြင့် အလွမ်းသမားများဖြစ်၏။ ဘ၀တွင် သံယောဇဉ်ကြီးမား သူတို့ကို ခွဲခွာပြီး လွမ်းနေတတ်ကြရ၏။
ပထမပိုင်းတွင် ချစ်ကံခေပြီး နောက်ပိုင်းမှကောင်းတတ်၏။ တစ်ရွာသူ တစ်နယ်သားတို့နှင့် ချစ်ကြိုးသွယ်မိ တတ်၏။ အရူးအမူးချစ်တတ်ကြ၏။ တသသလွမ်းဆွေးနေတတ်ကြရ၏။ သို့သော်အိမ်ထောင်ပြုပြီး သော အချိန်တွင် စိတ်ချမ်းသာကြရတတ်၏။ ဘ၀တွင်တစိမ့်စိမ့်ပြန်တွေးပြီး တသသ ကြည်နူးမဆုံး၊ လွမ်းမဆုံး အဖြစ်အပျက်လေးများစွာ ကြုံကြရတတ်သူများဖြစ်၏။
အချစ်ရေးတွင် ကြားလူ အနှောက်အယှက် အမြဲကြုံ ရတတ်၏။ ထို့အတူအိမ်ထောင်ရေးတွင်လည်း သွေးဆောင် ဖြားယောင်းခြင်း ခံရတတ်၏။ သို့သော် ပြိဿရာသီဖွား တို့သည် သစ္စာကြီးမားသူများဖြစ်၍ အိမ်ထောင်သာယာတတ်ပါ၏။
ကိုယ်ကိုယ်တိုင် ရုပ်ဆင်း တင့်တယ်၍ သပ်ရပ်ခန့်ငြားသူဖြစ်သလို အသားလတ်လတ်နှင့် လှပပြေပြစ်သူနှင့် ဖူးစာဆုံရတတ်၏။ မျက်နှာတွင် ထင်ရှားသော မှဲ့အမှတ်အသားပါသူနှင့် ဖူးစာဆုံတတ်ပေ၏။ အိမ်ထောင်ဖက် အပေါ်တွင် အစစ ကိုယ်က အနစ်နာခံ၍ အနွံတာခံ၍ ပေါင်းဖော်ရတတ်၏။
အထူးသတိပေးလိုသည်မှာ ချစ်သူဘ၀တွင်ဖြစ်စေ၊ အိမ်ထောင်သည်ဘ၀တွင်ဖြစ်စေ မိမိချစ်သူအပေါ် မယုံသင်္ကာစိတ်မထားပါနှင့်။ ထို့အတူ မိမိချစ်သူက မှားယွင်းမှုရှိနေကြောင်း(သစ္စာမဲ့မှုမျိုး) သေချာနေလျှင် ပွင့်ပွင့်လင်းဖြေရှင်းလိုက်ပါ။
ထို့အပြင် ချစ်သူထားချိန်တွင်လည်းကောင်း၊ အိမ်ထောင်ပြုချိန်တွင်လည်းကောင်း၊ ခေါင်းအေးအေးနှင့် စဉ်းစားပြီးမှ လက်ခံဆုံးဖြတ်ပါ။ အထူးသဖြင့် ပြိဿရာသီဖွား မိန်းကလေးများ တဇွတ်ထိုး ဆုံးဖြတ်ကာ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်သည်။ အထူးသတိထားပါ။ ဘာပဲဖြစ်ဖြစ် အစပိုင်းညံ့ပြီး နောက်ပိုင်းတွင် ကောင်းကျိုးခံစားရပါမည်။
ပြိဿရာသီဖွားများ၏ ကျန်းမာရေး အနေအထားများ
ပြိဿရာသီဖွားများသည် စိတ်ထက်၍ ဇွဲကောင်းသူများဖြစ်ပြီး လူအပင်ပန်းခံနိုင်သော်လည်း ခန္ဓာကိုယ်တွင် မကြာခဏ ဝေဒနာဖြစ်တတ်၏။ အဓိကအားဖြင့် အဆစ်အမြစ်များ မကြာခဏနာကျင်ကိုက်ခဲတတ်သည်။ လေထိုး၊ လေအောင့်၊ ၀မ်းနာရောပါတို့လည်း မကြာခဏဖြစ်တတ်၏။ လည်ချောင်းနာ၊ အသံဝင်၊ ရင်ကြပ်ရောဂါများမှာ အနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှဖြစ်တတ်၏။ ပြိဿရာသီဖွားများသည် တော်ရုံတန်ရုံ ရောဂါလောက်ဖြင့် ဆရာဝန်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်ဘဲ ရောဂါကြီးမားသွားတတ်သည်။
ပြိဿရာသီဖွားအမျိုးသမီးများ သားအိမ်အားနည်းတတ်သည်။ အမျိုးသားများ ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းဖြစ်တတ်၏။ ပြိဿရာသီဖွားများသည် ဘာမှမလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေးညံ့တတ်၏။ အငြိမ်မနေဘဲ အလုပ်များကို ဇယ်ဆက်သလို ဆက်တိုက်လုပ်နေက၊ လှုပ်ရှားနေက ပို၍ကျန်းမာတတ်၏။ အသေးအဖွဲအားဖြင့် ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်ရောဂါများဖြစ်တတ်၏။ အသီးအရွက် များများစားပေးပါ။ အသက်(၃၇) ၀န်းကျင်တွင်လည်းကောင်း၊ အသက်(၈၀) တွင်လည်းကောင်း ကျန်းမာရေး အထူးဂရုပြုပေးပါ။
ထို့အပြင် ပြိဿရာသီဖွား အမျိုးသမီးများသည် ရင်သားတွင် အနာဖြစ်ခြင်းမျိုး ဖြစ်တတ်သဖြင့် ဂရုပြုသင့်သည်။ ပြိဿရာသီဖွားအားလုံးအတွက် ပဲအမျိုးမျိုး၊ ပန်းသီး၊ ဖရဲသီး၊ သဖန်းသီး၊ သစ်ချသီး၊ ဗာဒံသီးတို့ကို ဓါတ်စာအဖြစ် မပြတ်စားပေးသင့်သည်။ ထို့အပြင် ၀က်သားဟင်းစားပေးခြင်း၊ မကြာခဏပျားရည်စားပေးခြင်း ပြုသင့်၏။ ပြိဿရာသီဖွား တို့သည် အခြားသူများထက် အစွဲအလန်း သံယောဇဉ်ကြီးမားတတ်သဖြင့် {{အလွမ်းနာ}} ထိတတ်၍ သံယောဇဉ်ကို အတိုင်းအတာထားသင့်ပေတော့၏။
ပြိဿရာသီဖွားများ သတိပြုစရာ ဘေးဥပဒ်အန္တရာယ်များ
ပြိဿရာသီဖွားများသည် မျက်နှာတွင် ရုတ်တရက် ထိခိုက်ဒဏ်ရာရတတ်သည်။ တောင်ပြိုခြင်း၊ မြေပြိုခြင်း စသော သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရတတ်၏။ စက်မှု လက်မှုလုပ်ငန်းလုပ်သူများမှာ မတော်တဆ ထိခိုက်မှုများဖြစ်တတ်သည်။ အထူးသဖြင့် ပြိဿရာသီဖွားသည် လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍ သတိပြု သင့်သည်။ သို့သော် အသက်အိုးအိမ်ထိခိုက်လောက်အောင် ဘေးအန္တရာယ်မရှိတတ်ပါ။ ပြိဿရာသီဖွား များသည် ဦးနှောက်သွေးကြောထိခိုက်ခြင်း ရုတ်တရက်ဖြစ်တတ်သောကြောင့် သတိထား သင့်ပါ၏။
ထို့ပြင် သူတစ်ပါးအတွက် အနစ်နာခံရသော ဇာတာပါ၏။ ထို့အတွက်သာ အဓိကဆင်ခြင် သတိပြုသင့်ပေသည်။ အထူးသဖြင့် နှစ်စဉ် (၂)လပိုင်း၊ (၄)လပိုင်းတို့တွင် အစစ အရာရာ သတိဖြင့်လုပ်ဆောင်သင့်ပေ၏။
ပြိဿရာသီဖွားတို့၏ ဘ၀ကံကြမ္မာ အနိမ့်အမြင့် အနေအထားများ
ပြိဿရာသီဖွားတို့သည် ဘ၀တွင် ဒုတိယအရွယ်နှင့် တတိယအရွယ်တို့တွင် အထူးကောင်းစားတတ်၏။ ပထမအရွယ်တွင် အနစ်နာခံခြင်းတို့ဖြင့် ဖြည့်ဆည်းပေးရတတ်၏။ ပြိဿရာသီဖွားတို့သည် လူအုပ်စုဖြင့် နေရသည်ကို မနှစ်သက်သော်ငြား လူအုပ်စုဖြင့်ပင် အောင်မြင်တတ်ပြန်၏။ အများ၏ထောက်ခံမှု ကို ရတတ်လေ၏။
အသက်(၁၅)နှစ်၊ (၃၀)နှစ်၊ (၄၅)နှစ်၊ (၆၀)နှစ်တို့တွင် ထူးခြားသော အပြောင်းအလဲများကို ကြုံတတ်၏။ အသက် (၂၀)၊ (၂၅)နှစ်၊ (၂၈)နှစ်တို့တွင် ထိခိုက်နစ်နာမှုများ ကြုံတတ်၏။ ပြိဿရာသီဖွားတို့သည် အနစ်နာခံခြင်း အပင်ပန်းခံခြင်းတို့ပြုပြီးမှသာ ပြည့်စုံခြင်းဖြစ်တတ်သောသဘာဝရှိ၏။ အထူးသဖြင့် (၁၈၊၂၂၊ ၃၃၊ ၃၅၊ ၃၇)နှစ်များတွင် အနှောက်အယှက် အခက်အခဲများ ကြုံတွေ့ရတတ်၏။
ပြိဿရာသီဖွားတို့သည် ကိုယ်ရေးကိုယ်တာအတွက် ဦးစားမပေးဘဲ၊ ငွေကြေးကိစ္စတို့ကို အဓိကထား မဆောင်ရွတ်ဘဲ အများအတွက်စေတနာထား ဆောင်ရွက်လေ ကြီးပွားလေဖြစ်တတ်၏။ အသက်(၃၆)နှစ်နှင့် (၃၈)နှစ်တို့တွင် အမွေရသလိုမျိုး ရုတ်တရက်ကြီးပွားပြီး အောင်မြင်မှုရတတ်၏။ အကြီးအမှုးနေရာကို ရတတ်သည်။ အလှူအတန်း များစွာပြုရတတ်၏။
သို့သော် ပြိဿရာသီဖွားတို့သည် ဆွေမျိုးဝေးနေရတတ်၏။ ရပ်ဝေးတွင် အောင်မြင် တတ်ကြ၏။ ယခုတွက်စစ်ဟောဆိုခဲ့သော ပြိဿရာသီဖွားတို့ ဖြစ်တတ်သည့် ဘေးအန္တရာယ်များနှင့် ထူးခြား သော အသက်အပိုင်းအခြားတို့မှာ ယေဘုယျမျှသာဖြစ်၏။ ထိုအန္တရာယ်တို့ကိုလည်းကောင်း၊ ထိုအသက်အပိုင်း အခြား တို့တွင်လည်းကောင်းသတိပြု ဆင်ခြင်နိုင်ရန်သာဖြစ်၏။ လိုက်နာကျင့်သုံးဖွယ်ရာ အဆောင်၊ အရောင် အချက်အလက်တို့ကိုမူ အထူး သတိပြုလိုက်နာသင့်ပေ၏။
ပြိဿရာသီဖွားတို့၏ဘ၀ တိုးတက်အောင်မြင်စေရန် လိုက်နာကျင့်သုံးဖွယ်ရာများနှင့် အဆောင်၊ အရောင်၊ အချက်အလက်များ
ပြိဿရာသီဖွားတို့သည် သံယောဇဉ်ကြီး၍ အနစ်နာခံရသော ဘ၀ပိုင်ရှင်များဖြစ်လေ၏။ ပေးဆပ်မှု၊ အနစ်နာခံမှု၊ နှောင်ကြိုးတည်းခံရမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို အမြဲခံရတတ်၏။ ဆွေမျိုးများနှင့် ဝေးဝေးနေသင့်၏။ သီးသန့်ခွဲထွက်သင့်၏။ သို့သော် ပြိဿဖွားတို့သည် မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကို မငဲ့ဘဲ စေတနာ အဓိကထား၍ လုပ်ဆောင်က သူမတူအောင်ကြီးပွားတတ်၏။ ပြိဿဖွားတို့သည် စွမ်းအားထည့်၍ လုပ်ဆောင်က သူတစ်ပါးထက် ထူးကဲစွာ အောင်မြင်တတ်၏။ သို့သော် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်နည်းက မယုံမရဲစိတ်ဖြင့် လုပ်တတ်သဖြင့် နစ်နာတတ်၏။
ထို့ကြောင့် သံယောဇဉ်ကြီးခြင်း၊ အလွန်အမင်း အနစ်နာခံခြင်း၊ မယုံမရဲလုပ်ခြင်းတို့ကိုရှောင်ပါ။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊ စကားပြောကြမ်းခြင်းကိုရှောင်ပါ။ ထို့ထက် ကိုယ်တိုင်၏ အကြံကောင်း ဥာဏ်ကောင်းများကို သူတစ်ပါးအား အကျိုးမဲ့ပြောပြခြင်းကို ရှောင်ပါ။
ပြိဿရာသီဖွားတို့သည် ပင်ကိုယ်ရုပ်ရည်၊ ပင်ကိုယ်ဟန် အမူအရာအထူးကောင်းသလောက် ကိုယ့်ကိုကိုယ် ထင်ရှားအောင်မနေတတ်၊ မ၀တ်တတ်၊ မလုပ်တတ်ဘဲ ရှိနေတတ်ကြ၏။ ထူးခြားသော ဆွဲဆောင်မှုရှိသူများဖြစ်ကြ၏။ အေးဆေးတည်ငြိမ်စွာ သွားလာနေထိုင်သင့်၏။ လက်ဝတ်ရတနာတို့ကို ရှိတိုင်းမ၀တ်သင့်။ ခပ်သေးသေးသာ ၀တ်သင့်၏။ အရောင်ရင့်ထက် အရောင်ဖျော့များကိုသာ ၀တ်သင့်၏။ စကားပြောသောအခါ ခြေလက်တည်ငြိမ် တည့်မတ်စွာ ပြောသင့်၏။
အကောင်းဆုံးအဆောင်မှာ {{မြ}} ကျောက်ဖြစ်၏။ အကောင်းဆုံးအရောင်တို့မှာ အပြာရောင်၊ ပန်းရောင်တို့ဖြစ်၏။ အဖြူရောင်နှင့် အစိမ်းနုရောင်ကိုလည်း သုံးစွဲနိုင်၏။ လက်ခလယ်တွင် စိန်၊ မြတို့ ၀တ်သင့်၏။ လက်သူကြွယ်တွင် ပုလဲ၊ နီလာတို့ကို ၀တ်ဆင် နိုင်၏။ လက်သန်းတွင် ငွေလက်စွပ် သေးသေး မျှင်မျှင်ဝတ်ထားက ငွေလာဘ်ရွှင်၍ ငွေမြဲတတ်၏။
သစ္စာပန်း၊ စံပယ်ပန်းတို့လှူနိုင်၏။ အိမ်တွင် အလှပန်းအိုး အမြဲထိုးသင့်၏။ ဘုရားစင်တွင် ၎င်းပန်းတို့ မပြတ်သင့်။ ရွှေများများဝတ်သင့်၏။ နှစ်စဉ် သြဂုတ်လ (၂၁)ရက်အတွင်း၊ ဖေဖော်ဝါရီလ (၂၂)မှ မတ်လ (၂၀)ရက်အတွင်း လုပ်ငန်းစတင် ဆောင်ရွက်ခြင်း၊ ထီထိုးခြင်းတို့ကိုပြုသင့်၏။ (၃၊ ၆၊ ၉) ဂဏန်းများကို အမြဲအဆောင်အရွက်ပြုသင့်၏။ ကျန်းမာရေးညံ့ချိန်တွင် အနီရောင်နှင့် ခရမ်းရောင်တို့ကို အထူးဝတ်ဆင်ဆောင် ထား သင့်ပေ၏။ ကျောက်နီကို ၀တ်ဆင်ထားလျှင်လည်း ကျန်းမာရေးပြန်ကောင်းလာတတ်သဖြင့် ပြိဿရာသီဖွား တို့သည် ဘာမှ မျှော်လင့်မနေဘဲ အလုပ်ကို အလုပ်နှင့်တူအောင် ကျားကုတ်ကျားခဲ ကြိုးစားပြီး ထိပ်ဆုံးသို့ ရောက်သွားတတ်ကြပေသတည်း။
အားလုံးသတ္တ၀ါချမ်းသာပါစေ သက်နှင်းဆွေ-ပုပ္ပါး
(၀န်ခံချက်)။ ။
ဤ ပို့စ်ကို ဆရာ သက်နှင်းဆွေ လင့်ခ်မှ ဤသည် မရွှေး ကူးယူထား သည် ဖြစ်ကြောင်း ၀န်ခံပါသည်။ ကျွန်မရဲ့ သိုလှောင်စုဆောင်းရာ နေရာလေးဖြစ်သောကြောင့် မိမိ သိချင်သည့် အကြောင်း အရာများကို အလွယ်တကူ ပြန်လည် သိရှိနိုင်စေရန် ရည်ရွှယ်၍ ပြန်လည် တင်ပြထားသည်သာ ဖြစ်ပါသည်။ဆောင်းတော်ဝင်